အရာတော်နဲ့ပတ်သက်လို့
အရာတော် ကို အလုပ်ကိစ္စနဲ့ သွားဖို့ရာ အကြောင်းဖန်လာတာနဲ့ အရာတော် (အယဒေါ်) ဆိုတဲ့ ဝေါဟာရနဲ့ ပက်သက်ပြီး လက်လှမ်းမီသလောက် ရှာကြည့်မိတယ်။ ဘိုးဘ လက်ဆင့်ကမ်း စကားအရ အရာတော် ဆိုတာ ရှင်ဘုရင် ပိုင်တဲ့မြေလို့ အကြမ်းဖျင်း သိတယ်။ Online မှာ ရှာကြည့်တော့ အရာတော်နယ်မှာ ရေနံပိုက်လိုင်း ပြဿနာ တက်နေတဲ့ အကြောင်းပဲ တွေ့တယ်။
မောင်ထင့်ရဲ့ ဗမာလယ်ယာမြေ စာအုပ်မှာ ရှေးဘုရင် လက်ထက် လယ်ယာမြေ စနစ် အကြောင်းကို ရေးထားတာကို အမှတ်ရလို့ မောင်ထင့် စာအုပ်ကို လှန်လှောပြီး မှတ်တမ်းမှတ်ရာ လိုက်ရှာတော့ ပုဂံဝန်ထောက်ဦးတင်ရဲ့ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှာ လယ်ယာဌာနအကြောင်းကို ဖော်ပြထားတာ တွေ့တယ်။
ဦးတင်ရဲ့ ဖော်ပြချက်ကို မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း လက်ဝယ် မရှိတဲ့သူတွေ၊ မဖတ်ရသေးတဲ့သူတွေနဲ့ အတွက် ဒီအချက်အလက်ကို ပြန်ပြီး မျှပါတယ်။ သိပြီးသား က၀ိပညာရှိတွေ အတွက် မရည်ရွယ်ပါ။ ဦးတင်ရဲ့ ရေးဟန်က ရှေးဟန် ဖြစ်တာကြောင့် နားလည်ရ ခက်ပါတယ်။ ပေါရာဏ စကား တစ်ချို့ကို နားလည်ဖို့ရာ အင်မတန် ခက်ပါတယ်။ နားလည်သလို ပြန်ရေးရရင် —
၁။ ရှေးပဒေသရာဇ်ရှင်ဘုရင်လက်ထက်မှာ လယ်ယာမြေကို အဓိက အမျိုးအမည် ငါးမျိုး သတ်မှတ်တယ်။
(က) အရာတော်မြေ၊
(ခ) အရာတော်မြေနဲ့ ပက်သက်နေတဲ့ မြေ၊
(ဂ) ဘိုးဘပိုင်မြေ၊
(ဃ) ဘိုးဘပိုင်မြေနဲ့ ပက်သက်နေတဲ့ မြေ၊
(င) ၀တ္ထုကံမြေ
၂။ အရာတော်မြေဟာ ရှင်ဘုရင်ပိုင်တဲ့ မြေဖြစ်တယ်။ ရှင်ဘုရင်ပိုင်တဲ့ အရာတော်မြေကို အမျိုးအစား လေးမျိုး ထပ်ပြီး ခွဲတယ်။
(က) နန်းစဉ်အရာတော်မြေ၊
(ခ) စုံသေအမွေပြတ်အရာတော်မြေ၊
(ဂ) သိမ်းစုအရာတော်မြေ၊
(ဃ) ယွန်းပေါင်ပါမြေ၊
၂။ (က) နန်းစဉ်အရာတော်မြေ — ရှေးဘုရင် အစဉ်အဆက် ပိုင်တဲ့မြေယာ အမျိုးအစား ဖြစ်တယ်။ ရှင်ဘုရင်တွေ လယ်ထွန်မင်္ဂလာ ဆင်ယင်သလို မင်းညီမင်းသား၊ သူဌေးသူကြွယ်၊ မှူးမတ်တွေ လယ်ထွန်စေ၊ လယ်ယာလုပ်သူ မရှိတဲ့ အရာတော်မြေရေက ထွက်တဲ့ သစ်သီးသစ်ရွက်ကို သံဃအဖွဲ့အစည်း သုံးစွဲဖို့ရာ ရှင်ဘုရင် နန်းတက်စမှာ အမိန့်တော် ပြန်ရတယ်။
၂။ (ခ) စုံသေအမွေပြတ်အရာတော်မြေ — အမွေဆက်ခံသူ မရှိတော့တာကြောင့် ကြွင်းကျန်တဲ့ မြေကို ရှင်ဘုရင် သိမ်းယူထားတဲ့ မြေ အမျိုးအစား ဖြစ်တယ်။ ဒါပေသိ ဆယ်နှစ်အတွင်း အမွေဆက်ခံပိုင်ခွင့် ရှိတဲ့သူ ပေါ်လာရင် ရှင်ဘုရင့်ဆီက ပြန်ပြီး တောင်းယူပိုင်ခွင့် ရှိတယ်။
၂။ (ဂ) သိမ်းစုအရာတော်မြေ — မင်းပြစ်မင်းဒဏ် သင့်တဲ့ လူတွေဆီက သိမ်းဆည်းထားတဲ့ မြေ အမျိုးအစား။ ဒါပေသိ အကျိုးအကြောင်း ဆီလျော်ရင် ရှင်ဘုရင် သိမ်းပိုင်ခွင့် မရှိ။ ဥပမာ ရာဇ၀တ် ကျူးလွန်တဲ့သူဆီကို မြေပေါင်ထားရင် ပေါင်ရင်းငွေကို ရှင်ဘုရင့်ဆီ ဆက်သွင်းပြီး မြေကို ပြန်ယူလို့ ရသေးတယ်။
၂။ (ဃ) ယွန်းပေါင်ပါမြေ — နန်းမတော်မိဘုရားကြီးကို လက်ဖွဲ့တဲ့ မြေ ဖြစ်တယ်လို့ ဆိုတယ်။ ယွန်းပေါင်ပုရပိုက်မှာ ရေးမှတ်ပြီး မြေစာရင်း ပြုစုထားတာကို အစွဲပြုပြီး ယွန်းပေါင်ပါမြေလို့ ခေါ်ဝေါ်တယ်။
၃။ အရာတော်မြေနဲ့ ပက်သက်နေတဲ့ မြေကို သုံးမျိုး ခွဲပြန်တယ်။
(က) အစားပေးမြေ၊
(ခ) အကိုင်စားမြေ၊
(ဂ) အကြီးစားမြေ၊
၃။ (က) အစားပေးမြေ — ရှင်ဘုရင့် အမှုထမ်းတွေကို လစာရိက္ခာ အစား အပိုင်စား ပေးသနားတဲ့ မြေယာ ဖြစ်တယ်။
၃။ (ခ) အကိုင်စားမြေ — မြို့ရွာကို အပိုင်းစားရတဲ့သူရဲ့ သက်တမ်းတစ်လျှောက် အပိုင်စား ပေးသနားတဲ့ မြေယာ ဖြစ်တယ်။
၃။ (ဂ) အကြီးစားမြေ — မြို့ရွာသူကြီး၊ မြို့ရွာထိန်းတွေ ရာထူးလက်ကိုင် ရှိတဲ့ ကာလတစ်လျှောက် လုပ်ကိုင် စားသောက်ဖို့ အပိုင်စား ပေးသနားတဲ့ မြေယာ ဖြစ်တယ်။
ဦးတင်ရဲ့ ကျေးဇူးကြီးလှပါတယ်။း)
စာရေးသူ - Maung Ne Lynn Aung
0 Comments