အရာတော်ဆိုတာနဲ့သနပ်ခါးကိုပါတွဲမြင်စေချင်
ရေးသားသူ - တိုနီမောက်
သနပ်ခါး
နံ့သာဆယ်ပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ သနပ်ခါးပင်ဟာ ရှောက်မျိုးရင်းဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Limonia Acidissima Linn ဖြစ်ပါတယ်။သနပ်ခါးကို အင်္ဂလိပ်လို Chinese Box-Tree Uesifvdk San-Phak မွန်လို Sanut-Khar ရှုမ်းလို Sanak-Khar လို့ခေါ်ကြပါတယ်။သနပ်ခါးကိုအမျိုးသားများသာ မကကလေးငယ်များပါမကျန်အသုံးပြုကြပါတယ်။သို့သော် သနပ်ခါးပင်မမြင်ဖူးကြသူတွေရှိကြသလို မြင်ဖူးပြီးသနပ်ခါး ပင်၏အသုံးဝင်လှပုံကို သေချာမသိရှိသူတွေရှိကြလို့ အပင်အကြောင်းအောက်ပါအတိုင်းသရုပ်ဖော်ပြချင်ပါတယ်။
အပင်ပုံကတော့ အမြင့်ပေ ၂၀ ၃၀ ထိမြင့်တဲ့ ပင်လတ်မျိုးဖြစ်ပါတယ်။ပင်စည်ရဲ့အကိုင်းအခတ်တွေမှာ လက်မဝက်မှလက်မ အထိရှည်သော ချွန်ထက်မာကျောတဲ့ ဆူးများရှိကြပါတယ်။အပင်နုစဉ်မှာ အပွေးမဲ့ပြီး အပင်ရင့်လာတဲ့အခါ အပွေးထူလာပါတယ်။
သနပ်ခါး၏ဆေးဖက်ဝင်အသုံးပြုပုံများ
မြန်မာ့ဆေးကျမ်းအရ သနပ်ခါးသည် ပူ၏ သွေးကိုကြွစေ၏ ပူခါးချုပ်ပွင့်ဖြစ်၏ ငန်းမန်းကို နိုင်စေ၏ အပူနာအအေးနာ နှစ်မျိုးစလုံးတွင် သုံးနိုင်၏။အပင်၏အရွက် အသီး၊ပင်စည် အမြစ်အားလုံးကို အသုံးပြုနိုင်၏ဟူ၍ ဖော်ပြထားပါတယ်။ သနပ်ခါးပင်၏အရွက်ကို ဝက်ရူးပြန်ရောဂါ၊အနာကြီးရောဂါ၊ငှက်ဖျားရောဂါ စတဲ့ရောဂါများကုသတဲ့ဆေးဖော်စပ်ရာဝင်လည်း အသုံးပြု နိုင်ပါတယ်။ သနပ်ခါးပင်၏အသီးကိုမူ အဆိပ်ဖြေဆေး ခွန်အားတိုးဆေး ကျောက်ရောဂါ ကာကွယ်ဆေးနှင့်ပြင်းထန်သော အဖျားရောဂါကာကွယ်ဆေးများတွင်လည်း ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ပင်စည်၏ဆေးဖက်ဝင်ပုံ
နေလောင်ဒဏ်မှကာကွယ်ပေးပါတယ်။သနပ်ခါးတုံးကိုသွေး၍ဆား၊သံပရာရည် အနည်းငယ်ထည့်၍လိမ်းပေးပါက ဝက်ခြံစို၊ဝက်ခြံအမာရွက်များကိုပျောက်စေပါတယ်။ အမြစ်ကိုတော့ ဝမ်းနုတ်ဆေး၊ချွေးထုတ်ဆေးတို့ ဖော်စပ်ရာမှာထည့်သုံးလေ့ရှိပါတယ်။ ယခုလိုအလွန်တန်ရာမှ အသုံးဝင်လှတဲ့ သနပ်ခါးကို ရှင်မတောင်သနပ်ခါး ရွေဘိုသနပ်ခါးလို့သာ နာမည်ကြီးလူသိများလှပါတယ်။နောက်ပြီး ရေစကြို မြို့ နယ်ကသနပ်ခါးဟာ အပွေးညို ၍အမွှေးပိုလေ့ရှိပါတယ်လို့လည်းသိကြပါတယ်။
ရှေးယခင် ကုန်းဘောင်ခေတ်တွင် ရွှေဘို သနပ်ခါးနှင့်အပြိုင် ရှင်မတောင်သနပ်ခါးကလည်း လူကြိုက်များခဲ့ပါတယ်။ ယခုအခါမှာတော့စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့ နယ်မှာ သနပ်ခါးပင်စိုက်ပျိုးဧက ၃၅၀၀၀မှ၄၀၀၀၀ ခန့်အထိစီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျက်ရှိပါတယ်။
လူတွေက သနပ်ခါးလို့ဆိုလိုက်ရင် ရွှေဘိုသနပ်ခါးကိုသာပြေးမြင်မိတတ်ကြပါတယ်။တကယ်တော့ သနပ်ခါးဟာ အရာတော်ရဲ့အဓိကထွက်ကုန်ပါ။ရွှေဘို ရန်ကုန် စတဲ့သနပ်ခါးရောင်းချသူတွေဟာ အရာတော်ကသာ နေသာတင်ပို့ရောင်းချနေကြတာပါ။အသိမလွဲစေချင်ပါ။အရာတော်မှာ သနပ်ခါးစိုက်တဲ့ သက်တမ်းကလည်း နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။ရွှေဘိုသနပ်ခါးမှာ ရှေးယခင်နာမည်အလွန်ကြီးခဲ့သည်မှာ အမှန်ပင်ဖြစ်သော်ငြား ယခုအခါမှာတော့ သနပ်ခါးစိုက်ဧကများ နည်းပါးလာကြပါတယ်။အရာတော်မြို့နယ်ကသာအဓိက သယ်ယူရောင်းချနေကြရပါတယ်။သို့သော် အရာတော်သနပ်ခါးဟုနာမည်မပေါက် ရွှေဘိုသနပ်ခါးလို့သာ နာမည်ပေါက်ပါတယ်။တကယ်တော့ အရာတော်လာသော အရာတော် သနပ်ခါးစစ်တွေသာဖြစ်ပါတယ်။
အရာတော်သနပ်ခါးသည် တစ်ချိန်နာမည်ကြီးခဲ့သောရွှေဘို သနပ်ခါးမျိုးများသာဖြစ်ပါတယ်။အရာတော်သနပ်ခါးသည် မွှေးသည် အပွေးလှသည်။ရှေးအခါကတော့ တောထဲမှာပေါက်သော သဘာဝပေါက်ပင်သနပ်ခါးပင်ကလေး များကိုခုတ်လဲ၍ မုံရွာ ရွှေဘို စစ်ကိုင်းမြို့များသို့တတ်၍ရောင်းကြပါတယ်။၁၉၆၃ ခုနှစ်လောက်ကတည်းက အရာတော်နယ်သားတို့က စမ်းသပ်စိုက်ပျိုးကြပြီး ရွှေဘို၊မုံရွှာ စတဲ့မြို့တွေမှာစီးပွားဖြစ်သွားရောက်ရောင်းချကြကြောင်းလည်းသိမှတ်ရပါတယ်။ရွှေဘိုသနပ်ခါးဟာ ကုန်းဘောင်ခေတ်မှာသာ နာမည်ကြော်ကြားခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာတော့ အရာတော်ကသာ သယ်ယူပြီး ရွှေဘို သနပ်ခါးအမည်ခံရောင်းချလာကြတာပါ။တကယ်တော့ အားလုံးသိတဲ့ မြန်မာ့သနပ်ခါးဟာ အရာတော်မြို့နယ်က ထွက်ရှိတာပါ။
အရာတော်မြို့နယ်
အရာတော်မြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးမုံရွှာခရိုင်၊မုံရွာမြို့နဲ့ ၂၇မိုင် အကွာမှာတည်ရှိပါတယ်။ရှေးက အလုံတိုက်အတွင်းမှာလည်းပါဝင်ပါတယ်။ရွှေဘို အနောက်လက်လို့လည်း ခေါ်ဆိုကြပါတယ်။အရာတော်မြို့နယ်ကို ဘယ်လမ်းကပဲလာလာ မြို့နယ်ဝင်လိုက်တာနဲ့ ဝဲဘက်သို့မဟုတ်ယာဘက်မှာ သနပ်ခါးစိုက်ခင်းတွေကို မြင်ကြရမှာ မလွဲမသေပါပဲ။အရာတော်မြို့ကိုရောက်လို့ မြို့ဝင် နှုက်ဆက်မှတ်တိုင်မှားလည်း သနပ်ခါးကို အလှဆင်ထားတာတွေ့ရမှာပါ။အရာတော်မြို့မှ စည်ပင်သာယာဈေးကိုဝင်ကြည့်လိုက်ရင်လည်း ပေါများလှတဲ့ သနပ်ခါးတုံး ရောင်းသူတွေကို မြင်ကြရမှာပါ။ဒါကြောင့် အရာတော်လို့ ဆိုလိုက်တာနဲ့ သနပ်ခါးကို ပါတွဲမြင်စေချင်လှပါတယ်။မြန်မာ့ သနပ်ခါးက အရာတော်နယ်ထွက်သနပ်ခါးပါ ရွှေဘိုသနပ်ခါးနဲ့မမှားစေချင်ပါ။ယခုလိုပြောရတာ ရွှေဘိုသနပ်ခါးလို့ခေါ်ဝေါ သုံးစွဲနေကြတာကို မနာလို၍မဟုတ်ပါ အဖြစ်မှန်ကိုသိစေချင်လို့ပါ။ကျနော့်ကိုယ်တွေ့ပြောရရင် လုပ်ငန်းခွင်တစ်ခုမှာ အလုပ်ဝင်လျောက်တော့ အင်တာဗျူးးမှာ မင်းတို့ နယ်ရဲ့ အဓိကထွက်ကုန်က ဘာလဲလို့မေးတယ်။ကျနော်လည်း သနပ်ခါးပါလို့ ဖြေလိုက်တော့ မေးခွန်းမေးနေကြတဲ့ အကို၊အမ တွေကရယ်ကြတယ်။မင်းပြောတော့ အရာတော်ဆို ရွှေဘိုကလားလို့မေးကြတယ်။အဲ့ဒီတော့ စဉ်းစားတာကြည့်ကြပေတော့ ဗျာ ကျနော်တို့ အရာတော်နယ်သားတွေ ခဗျာ ကိုယ့်နယ်ရဲ့ အဓိကထွက်ကုန်တောင်ရဲရဲဝင့်ဝင့်မဖြေနိုင်တဲ့အထိပဲ။ဒါကြောင့်ကျနော်အဖြစ်မှန်ကိုသိစေချင်လို့ပါ။
ယခုအခါ မှာဆိုရင် အရာတော်မြို့နယ်သနပ်ခါးစိုက်တင်ပို့ရောင်းချသူများအသင်းမှ သနပ်ခါးကို ဓာတုပစ္စည်းတွေမပါတဲ့ ကုန်ချောထုတ်လုပ်နိုင်အောင်စီစဉ်နေပြီး ဓာတုကင်းစင်တဲ့ကုန်ချောရရင် မြန်မာ့သနပ်ခါးစစ်စစ်အဖြစ် ပြည်ပနိုင်ငံတွေကို ထိုးဖောက်မည်ဖြစ်ရာ အထူးအဖြင့် ထိုင်း၊မလေးရှားနိုင်ငံတို့လို မြန်မာလူမျိုးတွေ အများဆုံးနေထိုင်လျက်ရှိသော နိင်ငံများကို ဦးစွာတင်ပို့၍ဈေးကွက်ရှာမည်ဖြစ်ကြောင်းသိရပါတယ်။သို့ဖြစ်ပါ၍ မဝေးလှသောကာလမှာ မြန့်မာ့သနပ်ခါးကို Myanmar Traditional Make-Up အဖြစ်ကမ္ဘာ့ အလှကုန်ဈေးကွက်မှာမြင့်တွေ့နိုင်တော့မည်ဖြစ်ပါကြောင်း အရာတော်နယ်သူနယ်သားများ ဂုဏ်ယူဝမ်းမြောက်နိုင်စေရန်နှင့် သနပ်ခါးထွက်အဓိက ပင်ရင်းကို သိစေရန်ရေးသားလိုက်ရပါသည်။
0 Comments